Sunday, January 4, 2015

မြန်မာနိုင်ငံအတွက် ပထမဆုံးကာဒီနယ်အမတ်ကြီး ဆရာတော်ကြီးချားလ်စ်ဦးဘို ခန့်အပ်ခံရ

မြန်မာနိုင်ငံမှ ပထမဆုံးကာဒီနယ်အမတ်ကြီးအဖြစ် ရန်ကုန်ဂိုဏ်းချုပ်ဆရာတော်ကြီး ချားလ်စ်ဦးဘိုအား ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်က ဇန်န၀ါရီလ ၄၊ ၂၀၁၅ တွင် ခန့်အပ်တင်မြှောက်လိုက်ပါတယ်။

၂၀၁၅ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ် ဖရန်စစ်မှ ကာဒီနယ်အမတ် အသစ် ၂၀ အား ထပ်မံရွေးကောက်တင်မြှောက်လိုက်ပါတယ်။ ဤသည်မှာ အရှင်သူမြတ် ဖရန်စစ်၏ ပုပ်ရဟန်းမင်းကြီးအသက်တမ်းအတွင်း ဒုတိယအကြိမ်မြောက် ရွေးကောက် တင်မြှောက် ခြင်းလည်း ဖြစ်ပါတယ်။ ၁၅ပါးသော ကာဒီနယ်အမတ်အသစ်များမှာ အသက်တော် ၈၀ အောက်ဖြစ်ပြီး နောက်ထပ် ပုပ်ရဟန်းမင်းအသစ်ရွေးချယ်ခွင့်ရှိသူများ ဖြစ်လာပါတယ်။ ထို့အပြင် နောက်ထပ် ၅ပါးသော ကာဒီနယ်အမတ်သစ်များမှာတော့ အနားယူပြီးဖြစ်သော ဂိုဏ်းချုပ်၊ ဂိုဏ်းအုပ်ဆရာတော်ကြီးများ ဖြစ်ကြပါတယ်။

ယခုဒုတိယအကြိမ်မြောက်အဖြစ် ကာဒီနယ်အမတ်သစ် ၂၀ အားရွေးကောက်တင်မြှောက်ရာတွင် စိတ်ဝင်စားဆုံးဖြစ်စေသည့် မြန်မာနိုင်ငံမှ ဆရာတော်ကြီးချားလ်စ်ဦးဘို ပါဝင်လာပါတယ်။ ဆရာတော်ကြီး ချားစ်ဦးဘိုဟာ ၁၉၄၈ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် မွေးဖွားခဲ့ပြီး ၁၉၇၆ ခုနှစ်တွင် ရဟန်းသိက္ခာတော်ကို ခံယူရရှိခဲ့ပါတယ်။ ထို့နောက် လာရှိုးဂိုဏ်းအုပ်သာသနာ၏ ဆရာတော်အဖြစ် ၁၉၉၀ ခုနှစ်တွင် တင်မြှောက်ခန့်အပ်ခံခဲ့ရပြီး ၁၉၉၆ ခုနှစ်မှာတော့ ပုသိမ်ဂိုဏ်းအုပ်ဆရာတော်အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ ထို့နောက် ၂၀၀၂ ခုနှစ်တွင် မန္တလေးဂိုဏ်းချုပ်သာသနာ၏ ဆရာတော်အဖြစ် တာဝန်ပေးခန့်အပ်ခံခဲ့ရကာ ၂၀၀၃ ခုနှစ်မှ လက်ရှိအချိန်ထိတော့ ရန်ကုန်ဂိုဏ်းချုပ်သာသနာ၏ ဆရာတော်အဖြစ် တာဝန်ယူလမ်းပြဦးဆောင်နေပါတယ်။

ရွေးကောက်ခံကာဒီနယ်အမတ်လောင်းများကိုတော့ ဖေဖေါ်ဝါရီလ ၁၄ မှာတရားဝင် တင်မြှောက်ဘိတ်သိပ်ပေးမှာ ဖြစ်ပြီး ထိုရက်မတိုင်ခင် ၁၂၊ ၁၃ ရက်များမှာတော့ ရိုမင်ကူယီယာအား ပြန်လည်ပြုပြင်ရန်အတွက် ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်မှ ၎င်းကာဒီနယ်လောင်းများနှင့် စည်းဝေးတိုင်ပင်သွားမည်ဖြစ်ကြောင်းလည်း ကြေငြာခဲ့ပါတယ်။

မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော ကာဒီနယ်အမတ်လောင်း ဆရာတော်ကြီးချားလ်စ်ဦးဘိုအား ဂုဏ်ပြုရင်း ဘုရားသခင်၏ဂုဏ်တော်ဘုန်းတော်အား ချီးမွမ်းကြပါစို့။

မနောအောင် (Shared from အလင်းသက်သေ)
သတင်း -
http://www.news.va/en/news/pope-announces-names-of-new-cardinals
http://www.bbc.com/news/world-europe-30672018

No comments: