မြို့ကြီးတစ်မြို့၏ အဝင်ဝနား ခရီးသွားတစ်ယောက် ဆိုက်ရောက်လာသည်။
မြို့ထဲမဝင်မီ လမ်းဘေးမှာ ထိုင်နေသည့် မိန်းမတစ်ယောက်ကို သူမေးသည်။
“ဒီမြို့ကလူတွေ ဘယ်လိုစိတ်သဘောထားမျိုးရှိကြသလဲဗျ”
အမျိုးသမီးက ပြန်မေးသည်။
“ရှင်ထွက်လာခဲ့တဲ့မြို့က လူတွေကော ဘယ်လိုသဘောမျိုး ရှိကြသလဲ”
“ဆိုးပါ့ဗျာ၊ အင်မတန်ယုတ်မာကောက်ကျစ်တဲ့လူတွေ၊
လုံးဝယုံကြည်လို့မရတဲ့လူတွေ၊
ကောင်းကွက်ဆိုလို့ တစ်စက်ကလေးမှ မရှိတဲ့လူတွေ”
သူက မဲ့မဲ့ရွဲ့ရွဲ့ ပြန်ဖြေသည်။
“အင်း၊ ဒီမြို့ထဲကလူတွေလဲ အဲဒီပုံစံအတိုင်းပဲရှင်၊ တွေ့ရအုံးမှာပါ”
အမျိုးသမီးက ဆိုလိုက်သည်။
များမကြာမီပင် နောက်ခရီးသည်တစ်ယောက် မြို့နားရောက်လာပြန်ကာ
အမျိုးသမီးအား မြို့ထဲကလူတွေအကြောင်းမေးပြန်သည်။
သည်အခါ အမျိုးသမီးကလည်း ပထမခရီးသည်တုန်းကအတိုင်း
သူလာခဲ့သည့်မြို့က လူတွေအကြောင်း ပြန်လှန်မေးခွန်းထုတ်ပြန်သည်။
“အင်မတန် စိတ်သဘောထားကောင်းကြပါတယ်ဗျာ၊
ရိုးသားတယ်၊ အလုပ်ကြိုးစားတယ်၊ သူမတူအောင်လဲ ရက်ရောကြပါတယ်၊
ကျွန်တော်အဲဒီက ထွက်လာရတာ စိတ်မကောင်းဘူး”
ဒုတိယခရီးသည်က လှိုက်လှဲသောလေသံဖြင့် ဆိုလေသည်။
သည်အခါ ပညာရှိအမျိုးသမီး အဖြေပေးလိုက်သည်။
“ရှေ့ကမြို့ထဲမှာလဲ အဲဒီလိုလူမျိုးတွေပဲ ရှင်ထပ်တွေ့ရမှာပါ” ဟူ၍။
A tale of two cities
ဖေမြင့်၊ နှလုံးသားအာဟာရ (၂) မှ

No comments:
Post a Comment