Friday, May 2, 2014

ပုပ်ရဟန်းမင်းကြီးနှစ်ပါး၏ ရဟန္တာအဖြစ်တင်မြှောက်ခြင်း ကမ္ဘာအနှံ့မှ စိတ်ဝင်စား


ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် ပုပ်ရဟန်းမင်းကြီးနှစ်ပါးအား ရဟန္တာအဖြစ်တင်မြှောက်မည်ဟု ကြေငြာခဲ့ပါတယ်။ ယနေ့ ဒီကြေငြာချက်ဟာ လက်တွေ့ဖြစ်လာဖို့၊ တရားဝင် ဖြစ်လာဖို့ ရက်အနည်းငယ်သာ ကျန်ပါတော့တယ်။ ဘာကြောင့်လဲဆိုတော့ ဤပုပ်ရဟန်းမင်းကြီးနှစ်ပါး၏ ရဟန္တာတင်မြှောက်ခြင်းဟာ လာမည့် ဧပြီလ ၂၇ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပါတယ်။ ဒါဟာ အသင်းတော်နှင့် ကမ္ဘာကြီးအတွက် သမိုင်းဝင်မည့်နေ့ရက်ဖြစ်မှာ သေချာပါတယ်။ ရဟန္တာများအဖြစ် တင်မြှောက်ခံရမည့် ပုပ်ရဟန်းမင်းကြီးနှစ်ပါးမှာ ပုပ်ရဟန်းမင်းကြီး ဂျွန် (၂၃) နှင့် ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ် (၂) ဖြစ်ပါတယ်။

အီစတာပွဲတော်ဟုခေါ်သော ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းပွဲတော်၏ ရက်သတ္တပတ်ဖြစ်သည့်အလျောက် ရောမမြို့၊ ဗာတီကန်မြို့တော်ဟာ ဘုရားဖူးခရီးသွားများဖြင့် စည်ကားလျက်ရှိနေပါတယ်။ ယခုနှစ် အီစတာပွဲတော်ဟာလည်း ကမ္ဘာတ၀ှမ်း စည်စည်ကားကား ကျင်းပကြ၍ အထင်ကရဖြစ်ရဆုံးပွဲ ဖြစ်ခဲ့ပါတယ်။ ယခုဆက်လက်၍ ပါစကားဒုတိယတနင်္ဂနွေဖြစ်သည့် ဧပြီလ ၂၇ရက်နေ့အတွက်လည်း ကမ္ဘာနှင့်အ၀ှမ်း ဘုရားဖူးခရီးသည်များဟာ ဗာတီကန်သို့ဦးတည်နေကြပါပြီ။ ဗာတီကန်၏ တာဝန်ရှိသူများအရ - ထိုနေ့တွင် ဘုရားဖူးခရီးဧည့်သည် ၈ သိန်းနှင့်အထက် လာရောက်ဖွယ်ရှိကြောင်း သိရှိရပါတယ်။

ရဟန္တာအဖြစ် တင်မြှောက်ခံရမည့် ပုပ်ရဟန်းမင်းကြီးနှစ်ပါးစလုံးဟာ ၂၀ ရာစုနှစ်၏ ရိုမင်ကက်သလစ် အသင်းတော်၏ ကြီးမြတ်သူကြီးများဖြစ်သည်ဟု Reuters သတင်းဌာနက ပြောဆိုလိုက်ပါတယ်။ ထို့အပြင် ကာဒီနယ်ကြီးဒိုလန်ကလည်း ယခုပုပ်ရဟန်းမင်းကြီးနှစ်ပါး၏ ရဟန္တာတင်မြှောက်ခြင်းဟာ “သူရဲကောင်း ဆန်သည့် စင်ကြယ်ခြင်း”ကို ထောက်ပြလိုက်ခြင်းဖြစ်သည်ဟု ဆိုပါတယ်။
ပုပ်ရဟန်းမင်းကြီး ဂျွန် (၂၃)ဟာ ၁၉၅၈မှ ၁၉၆၃ ခုနှစ်အထိ ပုပ်ရဟန်းမင်းအဖြစ် ကက်သလစ်အသင်းတော်အား ဦးဆောင်ခဲ့ပြီး အသင်းတော်အတွင်း အလွန်အရေးပါသော ဒုတိယဗာတိကန်အစည်းဝေးပွဲကြီးကို စတင်ခဲ့သူ ဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ် (၂)ဟာ ၁၉၇၈ ခုနှစ်စတင်ကာ ၂၀၀၅ ခုနှစ်အထိ ကက်သလစ်အသင်းတော်ကြီးအား နှစ်ပေါင်း ၂၇ နှစ်တိုင်တိုင် ဦးဆောင်ခဲ့သူဖြစ်ပါတယ်။ သူဟာ အသင်းတော်သမိုင်းတွင် ကမ္ဘာအနှံ့ ခရီးသွားများများသွားသည့် ပုပ်ရဟန်းမင်းကြီးဟု အမည်တွင်ပါတယ်။
ပုပ်ရဟန်းမင်းကြီးနှစ်ပါးစလုံးဟာ အသင်းတော်အတွက် အလွန်အရေးကြီးတဲ့ အမွေအနှစ်တွေ ချန်ထားပေးခဲ့ပါတယ် - အထူးသဖြင့် အလွန်အရေးကြီးတဲ့ စင်ကြယ်ခြင်း၏အတုယူစရာများပင် ဖြစ်ပါတယ် ဟု ကိုလန်ဘု့စ်သူရဲကောင်းများ၏အကြီးအကဲဖြစ်သူ သူရဲကောင်းကြီး ကာရ်အန်ဒါဆင်က ပြောပါတယ်။

ယခုကဲ့သို့ ပုပ်ရဟန်းမင်းကြီးနှစ်ပါး အား တပြိုင်တည်း နှစ်ပါး အတူတူ ရဟန္တာ တင်မြှောက်ခြင်းဟာလည်း ပထဆုံးဖြစ်၍ သမိုင်းဝင်မှတ်တမ်းတစ်ခုပါပဲ။ 

အီတလီဝန်ကြီးဌာနအရ ဤအခမ်းအနားသို့ နိုင်ငံ့ ခေါင်းဆောင်ကြီးများ ၁၉ဦးနှင့် အစိုးရ ခေါင်းဆောင်များ ၂၄ ဦးလည်း တက်ရောက် ဖွယ်ရှိကြောင်း သိရှိရပါတယ်။ ထို့အပြင် ငြိမ်း-ပုပ်ရဟန်းမင်းကြီး ဘက်နက်ဒစ် (၁၆)လည်း ဤအခမ်းအနားတွင် ပါဝင်ဖွယ် ရှိသည်ဟု သိရှိရပါတယ်။

မနောအောင်

 Shared from အလင်းသက်သေ

No comments: